6/10/2010
လှောင်အိမ်
အချုပ်အနှောင်တွေနဲ့ နေရတဲ့အခါ
တချိန်က လွတ်လပ်မှု အပြည့်အ၀ပေးခဲ့တဲ့
မင်းကို......
သတိရမိပါတယ်....။
"ချစ်တယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့
မင်းကို
ဘယ်လောက်တောင် ချုပ်ခြယ်မိခဲ့သလဲ ..
ငါတွေးကြည့်မိပါတယ်...။
တကယ်တော့
မင်းကို ငါတကယ် မချစ်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့...
မင်းရဲ့ လွတ်လပ်မှုကို ငါမမြတ်နိုးမိခဲ့လို့လေ...။
6/01/2010
ဆုရတီ..။

ဆုရတီ....။
ဒီနေ့ ကျောင်းသွားပြီ။
အဖြူ အစိမ်းလေး စ၀တ်ပြီ...။
ကလေးလေး တစ်ယောက် ရဲ့ တကယ့်နေ့ရက်တွေ စတော့မယ်..။
ဘာလို့ " ငိုချင်ချင်ကြီး" လို့ ပြောတာလဲ...။
ညီမလေး ကျောင်းသွားတာကို ပျော်လို့ မမ က ငိုချင်တာ..။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အနှီးထုပ်လေးထဲက ကလေးလေးက ကျောင်းသူကြီး ဖြစ်သွားပြီ..။
အမှတ်တရ ဓာတ်ပုံလေးတောင် မရိုက်ပေးရဘူး။
ခုထဲက ကြိုးစားပါ ညီမလေးရေ...။
စာသင်ကျောင်း ကို တက်ရတာ ငိုချင်စရာ မကောင်းပါဘူး။
ဘ၀ကျောင်းကြီးကို တက်ရတဲ့ အခါ ပိုပြီး ငိုစရာတွေ တွေ့ဦးမှာ...။
ဘယ်တော့မှ အရှုံးမပေးနဲ့နော်..။
အင်တာနက်သုံးတတ်တဲ့ တနေ့ကျရင်
မမရဲ့ ဒီပိုစ့်လေးကို လာဖတ်ပေါ့နော်..။
5/27/2010
သူခိုးတစ်ယောက်နှင့် ပိုးစားသစ်သီး
ဒါဟာ ကျွန်တော့်ရဲ့ ဒိုင်ယာရီနိဒါန်းပါ။
မရေးဖူးလို့ ချီတုံချတုံ ဖြစ်ရပါတယ်။ ဖျက်ရာ ခြစ်ရာ ပါနိုင်သလို အမှားပါရင်လဲ ခွင့်လွှတ်ဖို့ ကြိုတောင်းပန်ပါတယ်။ စာကြွင်း - လက်ရေးသည်းခံဖတ်ပါ။
(၂)
မြို့တမြို့ရဲ့ ညနေခင်းမှာ ကျွန်တော် မြို့လယ်လမ်းမဘက် အပျင်းပြေ လမ်းလျှောက်ထွက်ခဲ့တယ်။ စီးကရက်ခဲပြီး ကျွန်တော်သွားထိုင်မယ့် နေရာက လဖက်ရည်ဆိုင်တဆိုင် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ဆိုင် တဆိုင်ပါ။
"ကျွန်တော် အင်တာနက် သုံးချင်ပါတယ်"
အ၀င်ဝမှာရှိတဲ့ ကောင်တာခုံမှာ ထိုင်နေတဲ့ တစ်ယောက်ကို ကျွန်တော်ပြောလိုက်တယ်။ သူမညွှန်ပြတာ ကွန်ပျူတာ ခုံနေရာတစ်ခု မဟုတ်ပါဘူး။ "Thank you for No-Smoking" ဆိုတဲ့ စာတမ်းကပ်ထားတဲ့ နံရံကိုပါ။ လက်ညှိုးထိုးပြသည့်တိုင် သူမတချက်မှ ကျွန်တော့်ဘက်ကို မကြည့်ပါဘူး။ သူရဲ့ Computer Screen ဆီမှာ အာရုံရောက်နေပါတယ်။ လက်ထဲက စီးကရက်ကို ပစ်ချပြီး နင်းချေလိုက်တယ်။ သူမထံမှ အသံတစုံတရာ ထွက်လာပါတယ်။
" နံပါတ် 7 မှာ ထိုင်ပါ"
ကျွန်တော်ဟာ လေးထောင့်ဘောင်ခတ်ထားတဲ့ မျက်နှာပြင်တခုကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ရသွားသလို
ဘောင်ခတ်ပြီးလောကကို ကြည့်တတ်တဲ့ မျက်ဝန်းတစုံနဲ့ စတင် ရင်းနှီးခဲ့ပါတယ်။ အဲ.. ကျွန်တော့်ဘက်က ပေါ့လေ။
(၃)
ရက်သတ္တတပတ်ရဲ့ နေ့အများစုမှာ ကျွန်တော်သူ့ဆီ ရောက်ဖြစ်ပါတယ်။ သူမရဲ့လတ်တလော စိတ်အခြေအနေအတိုင်း တခါတလေ ပြုံးပြတတ်သလို တခါတရံ ခပ်တည်တည်ပါပဲ။
တနေ့တော့ အသုံးပြုခရှင်းဖို့ ကောင်တာဘေးသွားရင်း သူဖုန်းပြောနေလို့ ကျွန်တော်ရပ်စောင့်နေလိုက်တယ်။ ပြီးတော့ သူဖွင့်ထားတဲ့ G talk ရဲ့ အပေါ်ဆုံး သူ့ ID ပေါ်ကို Mouse နဲ့ မသိမသာတို့ပြီး ရွှေ့လိုက်တယ်။
ဆံပင်တွေကို အပြောင်သမ်းပြီး နောက်မှာ စုစည်းထားတဲ့ သူ့မျက်နှာက ရှင်းလင်းပါတယ်။ မိန်းမတွေ သူတို့ အချင်းချင်း ပြောစကားနဲ့ဆို " မျက်နှာပြောင်ကြီး" ပေါ့ဗျာ။ မျက်ခုံးမွှေးထူထူရယ် ၊ မျက်မှန်အောက်က မျက်လုံးနက်နက်တွေနဲ့ဆို ဘယ်လိုရုပ်ရယ်လို သတ်မှတ်ရမှန်း မသိဘူး။ သူမဆီက accept ရဖို့ တစ်ပတ်လောက် အောင့်အီးပြီး စောင့်လိုက်ရတယ်။ ကျွန်တော်က ကျောပေးပြီးထိုင်လို့ ၊Vzo ဖွင့်ပြီး web cam ကို သူ့ဘက်ကို လှည့်ပြီး ခိုးကြည့်ရင်းပေါ့။
မင်းစိမ်းလန်းဖို့ ထစ်ချုံးလိုက်ချင်ပေမယ့်
ခုတော့ မိုးပြေးသာသာလေးပေါ့...။"
(၅)
ကျွန်တော်တို့ စတင် မိတ်ဖွဲ့ကြပါပြီ။ ထုံးစံအတိုင်း သမားရိုးကျ အင်တာဗျူးလေးပေါ့။
ကျွန်တော် - " နေကောင်းလား"
သူမ - " ကောင်းနေပါတယ်"
ကျွန်တော် - " နေကောင်းပါတယ် လို့တော့လုပ်ပါ"
သူမ - " မဟုတ်ဘူး ၊ ခုထိတော့ ကောင်းနေသေးတယ်လေ"
တော်တော် ကပ်သီးကပ်သတ် ပြောတတ်တဲ့ မိန်းမ!!!
(၆)
တနေ့တော့ သူ့ဆီက စာတစ်စောင် ရောက်လာတယ်။ မနက်စာကို ငှက်ပျောသီးပဲစားပြီး ကိုယ်အလေးချိန် လျော့ချစေနိုင်တဲ့နည်းအကြောင်း ရေးထားတဲ့ Forward Mail တစ်ခုပါ။ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တယ်။ သူလဲ သေချာဖတ်နေပုံပဲ။ မျက်နှာကတော့ တကယ်လက်တွေ့ စမ်းတော့မယ့်ပုံပဲ။ ကျွန်တော် သူ့ကို နာမည်ပြောင်တစ်ခု ပေးလိုက်တယ် "တာဇံ"။ အောက်ဘက်မှာ link လေး တစ်ခုပါတယ်။ လတ်စသတ်တော့ သူက စာတွေလည်းရေးတာကိုး။ ဘာတဲ့... ဟစ်တလာဟာ ပန်းချီဆရာတစ်ယောက် ။ ဟက်ခနဲ ရယ်လိုက်တယ် ။
(၇)
ဒီလိုနဲ့ ကျွန်တော့်နွေရာသီလေး ကျော်လွန်လာခဲ့တယ်။ သူ့အကြောင်းကို သူ့စာ၊ သူ့စကားနဲ့ သိတာများခဲ့တယ်။ ဒီ နလပိန်းတုံးမလေးဟာ ကျွန်တော်ခိုးကြည့်နေတာကို မသိခဲ့ပါဘူး။ တချို့ အချိန်မှာ မော်နီတာကြီးကို ကြည့်ပြီး ရီလား ရီရဲ့ ငိုလားငိုရဲ့။ ပတ်ဝန်းကျင်တစ်ခုကနေ သူ့အတိတ်ကို ကျွန်တော်ကြားခဲ့တယ်။ နားထဲမှာ ဒဏ်ရာအပြည့် တင်ထားတဲ့ ရထားတစင်း ဥသြဆွဲသွားသလိုပဲ။ ဒီလို သူခုတ်မောင်းနေခဲ့တယ်။
ပြေးကြိုချင်ခဲ့ပေါ့...
ဒီဘူတာမှာ မနားမှာစိုးတယ်...။"
(၈)
Server ကနေ Message တစ်ခု ရောက်လာတယ်။ Burglish လို့ခေါ်တဲ့ ဘာသာစကားကြီးနဲ့ ။ ကျွန်တော်သေချာထောက်ပြီး ဖတ်လိုက်တယ်။

သူမ ကျွန်တော့်ကို တွေ့ရှိသွားပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အကြည့်သူခိုးပါ။ လူလုံးထွက်ပြရတာ နဲနဲရှက်ပေမယ့် သူမနဲ့ ကျွန်တော် တွေ့ပါဦးမယ်။
(၉)
ဒီနေ့က သူမရဲ့ နည်းပညာကင်းစင်ရေး နေ့ပါ။ သူမအလုပ်နားပြီး အားအားယားယားရှိတဲ့ ကျွန်တော့်အတွက် ကတော့ နေ့ထူးနေ့မြတ် ပါပဲ။ သူသူငါငါအတွက် နေသာတဲ့ ချစ်စဖွယ် ဆန်းဒေးပေါ့ဗျာ။ Super Sunday လို့ သူမခေါ်ဝေါ်တဲ့ ဒီလိုနေ့မှာ ကျွန်တော်တို့ ဓါတ်ပုံတော့ မရိုက်ကြပါဘူး။ ဒါပေမယ့် သစ်ပင်တွေ တော်တော်များများရှိတဲ့ ရပ်ကွက်တခုရဲ့ လမ်းဆုံက ကုလားပူတီဆိုင် မှာပါ။
သူမ ဒီနေ့ အားကစားရုံမသွားရပါပဲနဲ့ တီရှပ် အကြီးကြီး ၀တ်လာပါတယ်။ heart - ease က သူမ ၀တ်နေကျ Jean ဘောင်းဘီနဲ့ ဘာတွေ ထည့်ထားမှန်းမသိတဲ့ လွယ်အိတ်က ပြည့်လို့။ သူ့ ဆံပင်ရှည်တွေက နဲနဲပွယောင်းယောင်း နိုင်တယ
"သူခိုး.... ရှင့်အတွက် လူတစ်ယောက်ရဲ့ အတိတ်ဟာ အရေးပါသလား"
" အတိတ်အကြောင်းလဲ မတွေးချင်သလို အနာဂတ်အကြောင်းလဲ မစဉ်းစားချင်ပါဘူး"
သိနှင့်ပြီးပြီပဲကွယ်။ မင်းရဲ့ အတိတ်ကို မတူးဆွသလို အနာဂတ်ကိုလဲ ဘောင်မခတ်ပါဘူး။ ကျုံးမသွင်းဘူး ၊ စည်းမတားဘူး။
" ရှင်က ဒါဆို ပစ္စုပ္ပန်တည့်တည့်ရှု တဲ့လူပေါ့"
"လူတစ်ယောက်ရဲ့ အနာဂတ်ဟာ သူ့ပစ္စုပ္ပန်အလုပ်ပေါ်မှာ မူတည်တယ်လေ။ ကျွန်တော် ခု အဲ့ဒီ ပစ္စုပ္ပန်ကိုပဲ သေချာရှုနေတယ်လေ ၊ သိဘူးလား "
ရွှတ်နောက်နောက် ကျွန်တော့်စကားအတွက် သူ့မျက်စောင်းတချက် ခံလိုက်ရသည်။ ရွက်ကြမ်းကလဲ ရေကြိုလိုက်တော့ တခါဆိုတခါ သောက်လို့ အဆင်ပြေပါတယ်။ တွေးပြီး ရေနွေးတောင် သီးသွားတယ်။
" ကျွန်မ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ အကောင်းဆုံးပန်းသီးတွေဟာ ထိပ်ဆုံးဘက်မှာပဲရှိတယ် တဲ့။ထိုက်တန်တဲ့ သူအတွက်တဲ့ ။ ကျွန်မက အောက်ဘက်မှာရှိတဲ့ သစ်သီးပါ။ ပိုးပါလို့ ကျန်နေခဲ့တာပေါ့ "
ကျွန်တော် ဆွံ့အနေခဲ့တယ်။ ဒီအတိုင်းပဲ တောင်စဉ်ရေမရ တွေဝေနေခဲ့တယ်။
(၁၀)
နေဒဏ် လေဒဏ် ခံရတဲ့မင်း
မှည့်ဝင်းတဲ့ အခါ ၊ အချိုမြိန်ဆုံး ဖြစ်မှာပါကွဲ့ ။
ချစ်မေတ္တာကျမ်းကို ကိုင်ပြီး ငါသက်သေထူပါတယ်..
ပိုးပေါက်လေးကြောင့်လေ..။"
ကျွန်တော် Send Button နှိပ်လိုက်တယ်။ သူမဆီ ရောက်မယ်ထင်ပါရဲ့ ။ အသည်းတံခါးလေး ပိတ်မထားရင်ပေါ့လေ....။
5/21/2010
မောင့်မျက်တောင်ဖျားက ကျွန်မအိမ်မက်တွေ
“မေ.. ခင်ဗျား မိန်းမ၀ါဒီ စာအုပ်တွေ ဖတ်တာ သိပ်များနေပြီထင်တယ်။ ခင်ဗျားတို့တွေ အဲ့လိုပဲ.. ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့  ၈၀% သော မိန်းမတွေက မိန်းမ၀ါဒီ စစ်စစ်တွေ ဖြစ်မယ်ဗျ”
ကျွန်မ အငိုက်မိခံရသူ တယောက်လို ဖျတ်ခနဲ ကော်ဖီခွက်ဆီ အကြည့်ရွှေ့လိုက်သည်။ မလုံမလဲ အငွေ့အသက်များ အတိအကျမပါဝင်နိုင်ပေ။
“အင်း.. မှားတယ်။ မြန်မာပြည်က မိန်းမအများစုဟာ များသောအားဖြင့် မိခင်စိတ်နဲ့ ရိုးစင်းကြပါတယ်။ “သားကိုသခင်၊ လင်ကိုဘုရား “ လို တန်ဖိုးထားတတ်သူတွေပဲ။ သူတို့ကို မိန်းမစစ်စစ်များဆိုပြီး ၇၀% ထဲထည့်လိုက်ပါ။ ၁၀% လောက်က တကိုယ်တည်း အပူအပင်မရှာဘဲ ခရီးဆက်နေတဲ့ အပျိုကြီးတွေ ထားပါတော့။ ကျန်တဲ့ ၂၀% လောက်သာ ရှင်ပြောတဲ့ မိန်းမတံခွန်ထူချင်နေတဲ့ မိန်းမ၀ါဒီတွေ ဖြစ်ပါလိမ့်မယ်။ နေရာတကာအမျိုးသမီး အရေအတွက် ကန့်သတ်ခံရတဲ့ မြန်မာပြည်ရဲ့ အဆင့်မြင့်ပညာရေး မှာ ပါဝင်နေသူတွေပေါ့။ အိမ်ထောင်သည်တွေ ဖြစ်နိုင်သလို ၊ တယောက်ထဲသမားတွေလဲ ပါပါလိမ့်မယ်။ အဲ.. တကယ်လို့ ကျွန်မကိုအဲ့ဒီထဲ ထည့်မယ်ဆိုရင် ရှင့်ကို ကျေးဇူးတင်ပါတယ်”
ကျွန်မကော်ဖီသည် အတော်အေးစက်နေပြီ။ သူသည် အလျော့ပေးချင်စိတ် မရှိသေးပါ။
“ကျွန်တော် တခါ ခင်ဗျားအိမ်ရောက်တုန်းက ခင်ဗျားအခန်းဘက်ကို တချက်ကြည့်မိသေးတယ် ၊ တမင်တော့ မဟုတ်ပါဘူး၊ ခင်ဗျားထွက်လာတာနဲ့ ကြုံလို့၊ ခင်ဗျားခေါင်းအုံးဘေးမှာ ဂျူးစာအုပ်တွေချည်းပဲ၊ ဒီစာတွေနဲ့ ကြီးပြင်းခဲ့တယ်ထင်တယ်။ စာရေးဆရာမက လုံးဝမိန်းမ၀ါဒီ အပျိုကြီးပဲ “
နဲနဲစိတ်အချဉ်ပေါက်နေသော သူ့မျက်နှာကို ကြည့်ပြီး ရယ်ချင်လာသည်။ စနောက် ပစ်လိုက်ဦးမှာပဲ။
“အို့ သူက သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ ဒီလောက်တော်တဲ့ မိန်းမကို ၊ သေသေချာချာ ဂရုတစိုက်နဲ့ ချစ်တတ်သူနေမှာပါ။ ယောကျာ်းတွေကို မယုံတတ်လို့ အပျိုကြီးလုပ်တာလဲ ဖြစ်နိုင်တာပဲ။ အရေးအသား သတ္တိရှိတယ်။ ယောကျာ်းစာဖတ်ပရိသတ် က မိန်းမ၀ါဒီ လို့သတ်မှတ်လဲ သူကလက်ခံပါတယ်”
သူဘာမှ ဆက်မပြောတော့ပါ။ ဒါကြောင့် ပြောတာပေါ့ ဆိုသည့် မျက်နှာပေးနဲ့ တွင်တွင်သာ ကြည့်နေတော့တာပဲ ။ ကျွန်မ အသာလေးငြိမ်နေလိုက်ပါသည်။
သူသည် ကျွန်မကို ဒေါသနှင့်တွဲဖက်မြင်လေ့ရှိကြောင်း ပြောချိန်တွင် ကျွန်မနဲနဲ ရှက်သွားသည်ဟာ ၀န်ခံရမည်။ ၀ုန်းဒိုင်းကြဲတတ်သော ကျွန်မတွင် ပစ္စည်းများပေါက်ခွဲတတ်သော မကောင်းသည့်အကျင့်ပါ ပူးကပ်နေပါသည်။ အသားနာလျှင် စိတ်ဆိုးတတ်သော ကျွန်မသည် နာကျင်စေသော စကားလုံးများကို ရွေးချယ်ပြောတတ်ပြီး အရာဝတ္ထုများအပေါ် ဒေါသကို ထွက်ပေါက်ပေးတတ်ပါသည်။ ကျွန်မဒေါသပြေချိန်ထိ ထိုစကားများက နာကျင်စေသေးသည် ထင်ပါသည်။ တခါတရံ ချီးမွမ်းသလို၊ စောင်းချိတ်သလိုနဲ့ ညည်းညူတတ်သေးသည်။
“မေ.. ခင်ဗျား စာဖတ်တတ်တာ နဲနဲစောသွားတယ်။ လူတစ်ယောက်ကို ဘယ်အချိန် ဘယ်စကားနဲ့ အကျကောက် အနိုင်ယူတတ်တဲ့ နေရာမှာတော့ ခင်ဗျားက အတော်ဆုံးပဲ စာဖတ်ခြင်း အကျိုးတွေပေါ့လေ”
ခုတော့သူသည် စာပေဘက်ကို အပြစ်ပုံချ လိုက်ပြန်ပါပြီ။ သူသည် လောကကြီးတွင် သူတယောက်သာ စိတ်ကောင်းရှိသည်ဟု ထင်နေသော အတ္တကြီးသူတစ်ယောက် ဖြစ်သည်ဟု ကျွန်မ၏ စွပ်စွဲချက်ကို ယတိပြတ်ငြင်းနေပါသည်။ စကားလုံး အသုံးအနှုန်းမတတ်သော သူ၏ အကောင်းမြင်စိတ်များသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသောအခါ ကျွန်မသည် မကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသော မုဆိုးတပိုင်း မိန်းမရိုင်းကြီးလုံးလုံး ဖြစ်သွားပါတော့သည်။
“ ကျွန်တော့မှာလေ ကျွန်တော်က မုန်းတဲ့သူဆိုတာ မရှိဘူး။ ဘယ်သူ့ကိုမှ ကျွန်တော် မမုန်းဘူး.။ အဲ့ဒီထဲမှာ နဲနဲလေး ပိုချစ်မိနေတာက ခင်ဗျားဖြစ်နေတာ”
အံ့သြလွန်းလို့ မျက်လုံး အ၀ိုင်းသားဖြစ်ရတဲ့ အထိပါပဲ။ ဘယ်လို ရည်းစားစကား ကြီးလဲ။ ဒီလိုလူမျိုးကို အပြောအဆို မတတ်တဲ့လူများ ခေါင်းစဉ်အောက်မှာ နံပါတ်(၁) နေရာပေးပြီး ထည့်ရမည်။ ကျွန်မ၏ အရွဲတိုက်ချင်စိတ်ကလဲ ထိန်းမရတော့ပါ။ တော်တော်ဘုကလန့်ကျတဲ့ မိန်းမဟု ထင်ချင်ထင်ပါလေ့စေတော့။
“ အော် ဟုတ်လား ။ ကျွန်မကတော့ အဲ့ဒီလိုမဟုတ်ဘူးရှင့်။ ဒီလောကမှာ ကျွန်မအားလုံးကို မုန်းတာချည်းပဲ။ မိသားစုက လွဲရင်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ဘူး။ အဲ့ဒီထဲကမှ ရှင့်ကို ဟော့ဒီလောက်လေး (လက်ညှိုးနှင့် လက်မ တေ့လျက်) ပိုကြည့်လို့ရတာပဲရှိတယ် “ ကဲ ကောင်းရော။
ဗြန်းကနဲ မိုးတွေ အုံ့သွားသလို သူ့မျက်နှာတည်သွားသည်။ “ဘာ ခင်ဗျားတကယ်ပြောတာလား ၊နဲနဲတောင် မချစ်ဘူးပေါ့” ကျွန်မ မဖြေဘဲ သူ့မျက်ဝန်းတွေထဲ ယုံကြည်သွားမှုကို လိုက်ရှာမိသည်။ “မေ ပြုံးနေတာကိုပဲ မြင်ချင်တာ” “ မေပြုံးရင်လေ မျက်လုံးနက်နက်လေးပဲ ကျန်တော့တယ် ဒါမယ့် မဲ့ပြုံးတာက ခပ်များများပဲ” ဟု ပြောတတ်ခဲ့သော သူ့နှုတ်ခမ်းများက တင်းတင်းစေ့လျက် ။ စိတ်ဆိုးသွားသလား၊ ဒါဆို ကျွန်မအောင်မြင်သွားတာပေါ့။
သူ့မျက်လုံးတွေကို ကြည့်တိုင်း အနေအထိုင်ခက်သလို ဖြစ်ဖြစ်သွားသော သူသည် အိမ်မက်တခုကို ကျွန်မ ရှာတွေ့သွားမှန်း မရိပ်မိပေ။ ခုလဲ သူသိမည် မဟုတ်ပေ၊
“ကြည့် ၊ ခင်ဗျားသေချာကြည့် ၊ ကျွန်တော့ဆီမှာ ဘာမှမရှိဘူး”
စိန်ခေါ်သလို ပြောပြောဆိုဆိုနှင့် ရှေ့  ကိုတိုးကပ်လာသည်။ ကျွန်မ လန့်ဖျန့် သွားတာ သူ့ရင်ဘတ်ကို လက်နှစ်ဘက်နှင့် တွန်းထားမိသည်။ မလာနဲ့ ။ မပြုံးမိစေနဲ့။ အဲ့ရှာဖွေနေတဲ့ မျက်လုံးတွေနဲ့။ ဒီမှာ ကျွန်မက အိမ်မက်တခုကို ဖမ်းမိထားပြီ သိရဲ့လား။
ကျေးဇူးပြုပြီး မျက်တောင်မခတ်လိုက်ပါနဲ့နော်။ မောင့်မျက်တောင်တွေဆီမှာ တွဲခိုနေတဲ့ ကျွန်မအိမ်မက်တွေ လွင့်စင်သွားမှာ စိုးလို့။ ခုထိတော့ ၀န်မခံချင်ဘူး။
ကြေကွဲနေတယ်
လမင်းက
ပင်လယ်ရေအနက်ကို တိုင်းဖို့
ကြိုးပမ်းသလို
မင်းက ငါ့ကို အဓိပ္ပါယ်ဖွင့်ဖို့
ကြိုးပမ်းတယ်
မင်းရှေ့မှာ
ငါ့ဘ၀ တဆုံးတဖျားကို
ပြသထားတယ်
ဖုံးကွယ်ထားတာ ပြန်ဝှက်ထားတာ
ဘာမှမရှိဘူး
ဒါကြောင့်မို့
မင်းကိုယ့်ကို မသိတာ ဖြစ်မယ်..။"
-တဂိုး
5/17/2010

သတိထားမိလို့ တအိမ်လုံး ထွက်ကြည့်မိတယ်။ တကယ်ချစ်စရာ ကောင်းပါတယ်။ နက်ပြာရောင် နောက်ခံ ကောင်းကင်နဲ့ လင်းလက်နေတဲ့ ကြယ်လေး၊ သူ့ဘေးနားလေးက ခပ်မျှင်မျှင်လလေး။
ကြည့်ရင်းနဲ့ နားမှာ ပန်ချင်စရာတောင်ကောင်းတယ် လို့ တွေးမိတယ်။ ဒါပေမယ့် တဘက်တည်း ပန်ရမှာပေါ့ ဆိုပြီး ကိုယ့်အတွေးနဲ့ တင် ပြုံးမိတယ်။ အင်း လနှစ်စင်း ရှိတဲ့ ကမ္ဘာမှာ နေရမှပဲ စိတ်ကူးဆက်ယဉ် တာပေါ့နော်။ အဲ့လို တခါတလေ အူကြောင်ကြားတွေ စိတ်ထဲပေါ်ပေါ်လာတာ။
ဒီမနက်ရောက်တော့ သတင်းဘလော့တွေမှာ သူများကော်မန့်တွေ ဖတ်ရတယ်။ သောကြာ ကြယ်နဲ့ လနဲ့ကပ်ရင် ပြည်ပျက်မယ့် နိမိတ်တဲ့။ တယောက်က ခပ်ပိုပိုလေး ပြောတာ ကြည့်ရင်းနဲ့ ကြက်သီးတောင် ထတယ်ဆိုပဲ။ ဗဟုသုတပဲ အားနည်းတယ်ပြောပြော တခါမှမကြားဖူးဘူး။ ဂြိုလ်တွေ တခါတခါ မြေပြင်ကကြည့်ရင် နီးတယ်ထင်ရပေမယ့် သူ့လမ်းကြောင်းတွေနဲ့ သူလည်ပတ်နေတာ မဟုတ်ဘူးလား။
တဘောင်တွေ တော်တော်ကြောက်စရာကောင်းတယ်နော်။ အနည်းဆုံးတော့ လူ့အတွင်းစိတ်ကို ဆင်းရဲသွားစေတာပဲ ။ တကယ်ပဲ မှန်လာမလား မမှန်လာမလား နောက်ထားပြီး စိုးရိမ်နေကြရတယ်။
ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ နှလုံးသားအဟာရထဲက စာတပုဒ်ကို သွားသတိရမိတယ်။ ပြတင်းပေါက် တပေါက်ကို ကြည့်နေတဲ့ လူနှစ်ယောက်မှာ တယောက်က ကြယ်တာရာလင်းလက်နေတဲ့ ကောင်းကင်ကို မြင်ပြီး နောက်တယောက်က ရွံ့ဗွက်အိုင်တွေကိုပဲ မြင်တယ်တဲ့။
စိုးရိမ်စရာတွေ အတိအကျ တောင်မသိတဲ့ တဘောင်တွေ ထားခဲ့ပါ။ တဘောင်ဆိုတာ ခက်ဆစ်မှာ ကလေး၊ အရူးနဲ့ ဇာတ်သမားတွေ ပြောနေရာက လာတဲ့ စကားတွေကို တဘောင်လို့ ခေါ်ခဲ့တာလို့ မြန်မာစာမှာ သင်ရပါတယ်။ အဲ့ဒီတော့ ကိုယ့်စိတ်ကို အပင်ပန်းခံမလား။ ကောင်းတဲ့စိတ်နဲ့ မြင်ကြည့်မလားဆိုတာ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်နေမှာပဲနော်။
5/16/2010
24 Voices
တရက်ပြီးတရက်
၂၄ နှစ်ပြည့်ခဲ့ပြီ..။
ခေါင်းထဲမှာ မှတ်ဥာဏ်နေရာပိုပေးရသလို
ဘ၀မှာ အတွေ့အကြုံတွေ များလာတယ်.
နှလုံးသားမှာလဲ ဒဏ်ရာတွေ တိုးရင်းနဲ့..။
မေမေ
သမီး ရပ်တည်တတ်ပြီ။
မသဒ္ဓါရေစာ လုပ်အားခကို
ခြစ်ချုပ် ယူတတ်ပြီ.........။
ဝေဖန်ကဲ့ရဲ့ ခံဖူးပြီ။
နာနာကျည်းကျည်း ပြုံးတတ်ပြီ။
သည်းခံတတ်ဖို့တော့ ကျန်သေးတယ် မေမေ။
မေမေ့သမီး
ပိုပျော်အောင် နေပါတယ်....။
ရောင့်ရဲ နိုင်သမျှ ရောင့်ရဲ
ခွန်အားရှိသရွေ့ ရှင်သန်ရင်းနဲ့
အခြေခံအကျဆုံး ရိုးသားဖို့ ကြိုးစားနေပါ့မယ်...။
ဖေဖေနဲ့မေမေ
အေးချမ်းပါစေ..
မနေချင်ဘူးပြောပေမယ့်
အသက်ရာကျော်ရှည်ပါစေ...။
5/13/2010
မေအိရဲ့ A to Z
A - Armour =သံချပ်ကာ
ကျွန်မမှာ A အမျိုးအစား သွေးတွေစီးဆင်းနေတဲ့ နှလုံးသားရှိပါတယ်။ တခါတလေ သူ့ကိုဖွက်ထားချင်လို့ သံချပ်ကာ တခုလိုချင်တယ်။
B - Birthday= မွေးနေ့
ကျွန်မကို မေလ ၁၆ ရက်နေ့မှာ မွေးပါတယ်..။
C - Choice= ရွေးခြယ်မှု
ကျွန်မရွေးခြယ်ခဲ့သော အရာများအတွက် မည်သည့်အခါမှ နောင်တမရတတ်သည်မှာ ကျွန်မ၏ တခုတည်းသော ခေါင်းမာမှုနှင့် ယှဉ်တွဲနေသော အရည်အချင်းကောင်း ဖြစ်ပါသည်။
D - Dangerous= အန္တရာယ်ရှိသော
ဟုတ်ကဲ့။ ကျွန်မသည် အလွန်အန္တရာယ်ရှိသော မိန်းကလေးတယောက် ဖြစ်ပါသည်။ လိုအပ်ပါက လေ့လာစုံစမ်းခွင့်ပြုပါသည်။
E - Empress = ဧကရီ
ကိုယ့်ကိုယ်ကိုတော့ အဲ့လိုထင်တာပဲ။ တယောက်ထဲနဲ့။
F - Female Right= မိန်းမ၀ါဒီ
ကျွန်မကို မိန်းမ၀ါဒီဟု စွပ်စွဲနိုင်ပါသည်။ ယောက်ျား မိန်းမ ဟု ခွဲခြားဆက်ဆံသော လူများကို လွန်စွာ မုန်းတီးပါသည်။
G - Goose = ငန်း
ကျွန်မ ကြောက်သော တိရစ္ဆာန်ဖြစ်ပါသည်။ နှုတ်သီးအားကိုးနှင့် လိုက်လိုက်ထိုးသောကြောင့် ဖြစ်ပါသည်။
H - Happiness =ပျော်ရွှင်မှု
ကျွန်မဆီမှ သူတို့ ခိုးယူသွားသောအရာ ဖြစ်ပါသည်။ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း လိုက်လံရှာဖွေဖို့ စိတ်မကူးတော့ပါ။
I - Ignore = လျစ်လျူရှုသည်။
ကျွန်မ သင်ယူနေဆဲဘာသာရပ် ဖြစ်ပါသည်။ သူများအကြောင်းပြောဖို့ကလွဲပြီး လုပ်စရာအလုပ်မရှိသော၊ စိတ်ဝင်စားစရာမကောင်းသော ဘ၀ကို ပိုင်ဆိုင်ထားသော သနားစရာ ထိုလူများကို လျစ်လျူရှုရန် လိုအပ်ပါသည်။
J - Jealous= မနာလိုဝန်တိုခြင်း
တစုံတယောက်အပေါ် ချစ်ခြင်းမေတ္တာအားဖြင့် ဖြစ်တတ်သော ရောဂါတခု။
K - Kid
ကလေးလေး ဘ၀ ကိုလွမ်းတယ်။ ဒဏ်ရာတွေ စုံတဲ့ နှလုံးသားနဲ့ ။ အသုံးမကျမှုတွေ ပြည့်နေတဲ့ ဦးနှောက်နဲ့။
L - Love = ချစ်ခြင်းမေတ္တာ
အလျားအနံမရှိသလို တခါတရံမှာ အသွားအပြန်လဲ မရှိပါဘူး။
M - May Flower= မေလရဲ့ ပန်းလေး
မေမေရဲ့ ပန်းခင်းကြီး အိမ်မက်လေးနဲ့အတူ မွေးဖွားလာလို့ မေလရဲ့ ပန်းကလေးဆိုရင် မမှားပါဘူးနော်။
N - Naughty = ဆိုးသွမ်းသော
ကျွန်မမိသားစု အတွက် ဆိုးသွမ်းသော ကလေးတယောက်ဖြစ်ပြီး ကျွန်မချစ်သူအတွက် ဆိုးသွမ်းသော ကောင်မလေး တယောက် ဖြစ်ပါသည်။ (သူတို့ခွင့်လွှတ်မည် လို့ ယုံကြည်ပါသည်။)
O - Orion
နီးရဲ့နဲ့ ဝေး ကြယ်ကလေး..။
P - Peace = ငြိမ်းချမ်းရေး
အပြောလွယ်ပြီး အလုပ်ခက်သော အလုပ်တစ်ခု။
Q - the 17th letter of the Roman alphabet
အပေါ်မှာ ၀လုံးလေးနဲ့ မျက်စိလေး ဖြည့်လိုက်ပါ။ ကြောင်လေးတကောင် ကိုတွေ့လိမ့်မည်။
R - Rose= နှင်းဆီပန်း
စိတ်မဆိုးပါ.။ အရေအတွက်လည်း မကန့်သတ်ပါ။ ပေးသလောက်ယူပါမည်။ :)
S - Songs =သီချင်းများ
သီချင်းတွေရှိမှ တနေ့တာက ပြည့်စုံမှာပါ။ ကျွန်မ ပထမဆုံး ဆိုခဲ့သော သီချင်းမှာ ထူးအိမ်သင်ရဲ့ ``ပန်းခင်းလမ်းပဲ လျှောက်ပါ အချစ်လေးရယ် .. ခရောင်းတောထဲက တို့ကို ထားခဲ့ကွယ်´´ ဟု ကျွန်မ ဖေဖေကပြောပါသည်။
T - Tomato= ခရမ်းချည်သီး
သုပ်စားလျှင်ကောင်းပြီး အသားအရည်လှပါသည်။
U - Ugly = အရုပ်ဆိုးခြင်း
ရာဇ၀င်ရိုင်းပြီး ရုပ်ဆိုးသော ဘ၀ရဲ့ဇာတ်လမ်းတိုများကို ဖြတ်ထုတ်ပစ်လိုက်ချင်ပါသည်။
V - Vampire = သွေးစုပ်ဖုတ်ကောင်
ကျွန်မရဲ့ ရူးကြောင်ကြောင် ဆန္ဒတစ်ခု အတွက် Vampire ဖြစ်ချင်နေပါသည်။ ဘာဆန္ဒလဲဟု မေးပါက ပြောပြလိမ့်မည် မဟုတ်ပါ။
W - Win = အနိုင်ရသည်။
win- win theory ကို ရှည့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဟု ခေါ်လို့ ရပါသလား။
X - X = ကြက်ခြေခတ်သင်္ကေတ
တာရာမင်းဝေက ပြောတယ်။` ငါတို့သည်…လူသားများဖြစ်၏....... လက်ဖ၀ါးမှာ အမှားလက္ခဏာ ပါလေသည်။´´ တဲ့။
Y - You = သင်
သင်တို့ရော ကျွန်မကို မည်သို့ထင်ပါသလဲ ။ မှတ်ချက်များ ပေးစေချင်ပါသည်။
Z - Zephyr = ညင်သာစွာ တိုက်ခတ်သောလေ။
သူ့အတွက် အဲ့လိုလေညှင်းလေး ဖြစ်ချင်ပါတယ်။ သူ့ဘ၀အမောတွေ ပြေစေဖို့ပါ။
5/11/2010
ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး
ဥဩဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ့ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံလေးရေ . . လွမ်းတယ် . .။
အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက် မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။
ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။
မင်းခိုက်စိုးစန်
link :http://www.poemscorner.com/post-type/myanmar-poems/911
ချစ်ခြင်းတွေ ကုန်တင်ကုန်ချ လုပ်ခွင့်မပြုတဲ့ ဘူတာရုံလေး...
ချစ်ခြင်းကုန်တွေ ပါမှန်းမရေရာတဲ့ ရထားတစ်စင်း..
သံယောဇဉ်တွေ တင်ပြီးခုတ်မောင်းနေတယ်..
ရင်ဘတ်တခြမ်းက ကွဲပြီးသားမို့
ဘာပဲဖြစ်ဖြစ် နောက်ဆုံးရထားလေးဆိုက်တာ နောက်ကျမယ်ဆိုတာ ကြိုသိနေတယ်..
အလွမ်းတွေ ပွင့်တဲ့ ရာသီမှလေ.....
( သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာလေးပါ ပဲ .. )
4/30/2010
သနပ်ခါးပျက်လာတဲ့ သူငယ်တန်းကျောင်းသူ
ဆရာ နေ၀င်းမြင့်ရဲ့ `ကျောင်းပို့သူများ´ ၀တ္ထုတို ကို Idea မှာဖတ်လိုက်ရတယ်။ ဆရာက William Saroyan ၏ ‘The first day of school’ ၀တ္ထုတိုကလေးကို ဖတ်ရလို့ရေးတယ်လို့ ပြောထားပါတယ်။ ဖတ်ရင်းနဲ့ ကျမလည်း ငယ်ငယ်တုန်းက ကျောင်းတက်စပုံရိပ်တွေကို မြင်ယောင်လာမိတယ်။
ကျမငယ်ငယ်တုန်းကတော့ ကျောင်းတက်ချင်လွန်းလို့ ပူဆာပြီးတက်ခဲ့တာပါ။ ကျောင်းပျော်တနှစ်ပါပေါင်းပြီး သူငယ်တန်း ကိုပဲ ၂ခါ နေခဲ့တာပေါ့။ အန်တီက ကျူရှင်ဆရာမဆိုတော့ ကျမတို့အိမ်မှာ ကလေးတွေနဲ့ ပြည့်နေတတ်တယ်။ ကျမကို အန်တီကထိန်းလာတာဆိုတော့ အဲ့ဒီထဲမှာပဲ ကြီးရတာပေါ့။ ကျမ အသက်၂နှစ်နဲ့ ၀လုံးစ၀ိုင်းပြီး တော့ ၄နှစ်မှာပဲ ၁ တန်းစာ အထိ ရေးတတ်ဖတ်တတ်ပါပြီ။ အတန်းကျော်ပေးမတတ်လို့ သူငယ်တန်းကိုပဲ ၂ခါနေခဲ့ရတာပါ။
ကျမက ၄နှစ်ကလောက်စပြီး ကျမကလေးဘ၀တချို့တစိတ်ကို မှတ်မိပါတယ်။ ပထမဆုံးကျောင်းမတက်ခင် ညနေက ကျမအဒေါ် ( ကျမမှာ အဒေါ် ၂ယောက်က၇ှိပါတယ် .. အဒေါ်အကြီးကို အန်တီငယ်လို့ ခေါ်ပြီး အငယ်ကို အန်တီမူလို့ ခေါ်ပါတယ်) အန်တီငယ်နဲ့ အိမ်ရှေ့မှာ ကလေးတွေ ကျောင်းဆင်းလာတာကို ထိုင်ကြည့်နေခဲ့ပြီး လွယ်အိတ်အစိမ်းလေးကို ကိုင်ပြီး `သမီးလဲ ကျောင်းတက်ချင်ပြီ´ လို့ပြောခဲ့ပါတယ်။ နောက်နေ့မှာ အန်တီက ကျောင်းကိုခေါ်ပြီး ကျောင်းအုပ်ကြီးဆီ သွားတွေ့ပြီး ဒေါ်ရီရီခင် လို့ခေါ်တဲ့ဆရာမ အတန်းမှာ တက်ရပါတယ်။ ကျွန်မရဲ့ ပထမဆုံးသူငယ်ချင်းနာမည်က `မြနန္ဒာ´ တဲ့။ နောက်တယောက်က `ခိုင်ဝတ်ရည်စိုး´ လို့ခေါ်ပြီး သူ့မျက်နှာပေါ်က အမဲရောင်အမှတ်အကြီးကြီး ကို ခုထိမျက်စိထဲမှာ မြင်ယောင်နေမိသေးတယ်..။ ကတုံးဆံပင်ပေါက်လေးနဲ့ ။
ကျောင်းပျော်အတန်းထဲမှာ ကျွန်မက စာမေးပွဲမဖြေရပါဘူး။ သူတို့တွေ စာမေးပွဲဖြေရင် ဆရာမက သူနဲ့တူတူ စောင့်ခိုင်းပါတယ်။ ကျွန်မကလည်း ဆရာမပုံစံအတိုင်း တုတ်တချောင်းနဲ့ ရှေ့လျှောက်နောက်လျှောက် လုပ်တတ်ပါတယ်။ စာတိုင်ပေးရပြီး သိပ်ဆော့ရမှန်း မသိသေးပါဘူး။ကျွန်မရဲ့ ပေတံကိုချိုးချိုးပြီး ဖွက်ထားတဲ့ စိတ်ပုတ်တဲ့တယောက်ကိုလည်း သိရဲ့နဲ့ ငြိမ်နေခဲ့၇တယ်။ အင်း ခုလည်း အဲ့တုန်းကလို မတရားဘူးထင်ရင် ကတ်ကတ်လန်ပြန်မပြောဘဲ တိတ်တိတ်နေသင့်တာတွေ နေတတ်ရင်ကောင်းမှာ။
တကယ့်သူငယ်တန်းရောက်တဲ့ နှစ်မှတော့ သူငယ်တန်းပါးနဲနဲဝ နေပါပြီ။ စာမေးပွဲဖြေရင် သူငယ်ချင်းနဲ့တူတူမထိုင်ဖြေရရင် ကျွန်မစာမေးပွဲ မဖြေလို့ အန်တီငယ်က အပြင်ကနေ တုတ်ပြပြီး ဖြေခိုင်းရပါတယ်။ ကစားဆင်းတွေမှာ အတန်းထဲက ယောကျာ်းလေးတွေနဲ့ လျှောသွားစီးပါတယ်။ အိမ်ကသိမှာစိုးလို့ စကတ်ကိုတိုတိုလေးမပြီး စီးပါတယ်။ အိမ်ပြန်ရောက်တော့ ဘောင်းဘီတိုတွေမှာ ပေပွနေရင်တော့ အန်တီမူရဲ့ အစစ်အဆေးကို ခံရပါတော့တယ်။ အမှတ်ရစရာတခုက ကျွန်မနဲ့လျှောသွားစီးနေကျ ကောင်လေးက ဖက်ဖက်နမ်းလို့ အန်တီမူလိမ်းပေးလိုက်တဲ့ သနပ်ခါးပျက်ရတဲ့ ကိစ္စပါပဲ။ သူလိမ်းပေးလိုက်တဲ့သနပ်ခါးက ထမင်းစားမဆင်းခင်ထိဘာကြောင့်မရှိရတာလဲ လို့မေးပါတယ်။ အဲ့ကတုံးလေးက ဖက်နမ်းလို့ပါ လို့ဖြေတော့ အင်မတန်စွာတဲ့ ကျွန်မအဒေါ်တွေက အဲ့ကောင်လေးအမေကို ကျောင်းပို့တဲ့အချိန်မှာ တိုင်ပါတော့တယ်။ ဟိုကလဲ ကျွန်မသားလေးက ညီမလေးလိုချင်နေလွန်းလို့ ချစ်လို့နေမှာပါ ဆိုတော့မှ နောက်တခါ မနမ်းအောင် ပေးထားပါတဲ့။ ကျွန်မ ကျောင်းတက်တဲ့ တလျှောက်မှာ အဲ့လို သူကျောင်းထိလိုက်ပြီး တိုင်တဲ့ ကိစ္စတွေလဲ မနည်းပါဘူး။ ရီးစားစာကိစ္စ၊ ကျွန်မမောင်လေးရဲ့ နက်ကတိုင်ကို ဆွဲဆောင့်တဲ့ကိစ္စ အစသဖြင့် ပေါ့။ အဲ ကျွန်မ ဆယ်ကျော်သက်အရွယ်က အဒေါ်နှစ်ယောက်နဲ့ပြီး ဘုန်းကြီးကျောင်းသွားတာတောင် နောက်ကလိုက်လို့ သူတို့နှစ်ယောက် ထီးနဲ့လိုက်ခေါက်တဲ့ထိတောင် ပြသနာတတ်ဖူးတယ်။ဒုတိယအဒေါ်က ကျွန်မ၁၀တန်းနှစ်ပြီးမှ သူတာဝန်ကျေတယ်ယုဆလားမသိပါဘူး အဲ့တော့မှပဲ အိမ်ထောင်ပြုသွားပါတယ်။
ကျွန်မတို့ကို စာသင်ပေးတာက အဒေါ်အလတ် အန်တီငယ်ပါ။ မောင်လေးကို မူကြိုထားမိလို့ အပျော်မက်သွားတယ်လို့ သူကပြောပါတယ်။ တခါတခါကျောင်းတက်နေရင်းနဲ့ မောင်လေးတို့ မူကြိုနားကို သွားပြီးသူတို့ကဗျာရွတ်တာ ကျွန်မသွားသွားနားထောင်ဖူးတယ်။ သူတို့အခန်းက သိပ်ပျော်စရာကောင်းတယ် လို့ပြောတိုင်း အန်တီငယ်က စာမှမသင်တာလို့ ပြန်ပြောတတ်ပါတယ်။ A Apple ပန်းသီးဟာ လူလေးစားစရာ ဆိုတဲ့ကဗျာကို ကျွန်မဆိုတတ်ချင်လွန်းလို့ သွားနားထောင်ခဲ့တာပေါ့။ ခုထိလည်းအလွတ်ရတယ်။ အန်တီမူ့ သမီးလေး (အသက်၂၀ ကွာတဲ့တ၀မ်းကွဲ ညီမလေး)ကို သင်ပေးထားတယ်။ ခု သူ့ကိုလဲ သူ့ကြီးကြီး က စာသင်ပေးနေရတုန်းပေါ့။ ခုနှစ် သူလဲ သူငယ်တန်းတက်မယ်လေ။
ကဗျာတပုဒ်မှာ ဖတ်ဖူးတယ် ..။ ဘလော့တခုမှာပဲ အစလေးပဲမှတ်မိတယ် .. သဘောကျလို့ အလွတ်ရနေတာ..။
ကကြီး ခခွေး ငါတို့ရေး
Aရယ် B ရယ် တို့ရေးခြယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်..
ဆရာကြီးလဲ လာခဲ့ပါ။
ဆရာမကြီးလဲ လာခဲ့ပါ။
စာတွေရတဲ့ ဒီနေ့မှာ
မီးမီးလေးကို မုန့်ကျွေးပါ တဲ့။
ကျွန်မငယ်ငယ်တုန်းက ကျောင်းကနေ ကလေးတွေကို စတုဒီသာ ကျွေးရင် ဘူးတွေခွက်တွေ ယူခိုင်းတတ်ပါတယ်။ ဘယ်တော့မှ မယူပါဘူး။ တန်းစီပြီး မုန့်ယူရမှာ ရှက်လို့ပါ။ သိပ်ပြီး ဇီဇာကြောင်တတ်တာ ငယ်ကတည်းကထင်ပါတယ်။
တခါတခါတွေးမိပါတယ်။ ညီမလေးအလှည့်ကျရင် ငိုပြီးမတက်ချင်ဘူးဆိုပြီး ပြန်လာမလား ဒါမှမဟုတ် ကျွန်မတုန်းကလို ဟိုဟာနဲ့မှ ဒီဟာနဲ့ မှ ဆိုပြီး ကြေးတန်းထိုးပြီးကျောင်းသွားမလားပေါ့။ ကျွန်မသူငယ်တန်းတုန်းက နေ့လည် ၂နာရီဆို ကော်ဖီနဲ့ မုန့်လာပို့ပေးရတယ်။ ကျောင်းမုန်းဈေးတန်းမှာ ၀ယ်မစားရလို့လေ။ တကယ်လို့ သူတို့လာမပို့ရင် အိမ်ပြန်ပြီပဲ။ ကျွန်မတို့ငယ်ငယ်ကနေတဲ့ အိမ်က စစ်တပ်ထဲမှာဆိုတော့ စစ်တပ်က အထက်တန်းကျောင်းမှာ တက်ရတာပါ။ နီးနီးလေးပဲ ဆိုတော့ ပြန်လာမှာစိုးလို့ ကျောင်းမုန့်စားဆင်းချိန် မရောက်ခင် အိမ်ကကြိုရောက်နေတတ်ပါတယ်။ ကျောင်းဖွင့်ချိန်ရောက်ရင် တခြားကလေးတွေလိုတော့ အသစ်တွေဘာတွေလဲ မတောင်းတတ်ပါဘူး။ မေမေကတော့ အဆင်သင့်ဝယ်ပေးတတ်ပါတယ်။ တခုပဲ .. စာရွက်ကြမ်းကြမ်းစာအုပ်တွေဝယ်လာရင်တော့ အရမ်းစိတ်ဆိုးတာပဲ။
တခါတခါ အဖွားက လာကြိုရင်လဲလာမကြိုနဲ့။ အမေလို့သူများထင်လိမ့်မယ်ဆိုပြီး တွန်းလွတ်တတ်တယ်တဲ့။ အဲ့ဒါကြောင့် အဖွားက သူ့ဆံပင်ဖြူတွေကို ဆေးဆိုးရတာ ခုထိပဲဖြစ်သွားတယ်လို့ပြောပါတယ်။ ခုချိန်ဆိုရင်တော့ အဲ့လိုအပြင်ပန်း ပုံစံတွေနဲ့ မရှက်တတ်တော့ဘူးလို့ ထင်ပါတယ်။ ငယ်သူမို့ မသိပါ ပေါ့နော်။
ဒါကြောင့် ကျွန်မကို အိမ်ကလူတွေကပြောတာနေမယ်။ ဘယ်ကလေး ဘယ်လောက်ဆိုးဆိုး ကျွန်မလောက်ဆိုးတဲ့ ကလေးမျိုးမတွေ့ဖူးသေးဘူးတဲ့။ ကျွန်မလဲ မြင်ယောင်နေပါသေးတယ်။ ကျွန်မအဒေါ် အန်တီမူ တယောက် သူ့သမီးပါးက သနပ်ခါးပျက်လာတဲ့အခါ ကျွန်မတုန်းကလိုပဲ တရားခံကိုကျောင်းထိ လိုက်ရှာနေဦးမှာပဲလားလို့ .. ။
တခါတရံ သတိရမိတဲ့ အတိတ်တွေက အလွန်ချိုမြိန်သလို ဘ၀ဟာ မောပန်းစရာလို့ ခံစားရတိုင်း သူငယ်တန်းကျောင်းသူလေး ပါးဆီက သနပ်ခါးနံ့လေးကိုပဲ ပြန်တမ်းတမိတယ်..။

2/07/2010
ရေးပေးပါ (Tag)
ဒီ ရေးပေးပါစာအုပ်က မေအိတို့ ၁၀တန်းနှစ်မှာ ပေါ်တာဗျ၊ အဲ့တော့ ၁၀တန်းကျောင်းသူဘ၀ ကို သတိရပြီး ခုလိုပြန်ရေးမယ်နော် (၅တန်းလိုတော့ မရေးတော့ဘူး တော်ကြာ ရည်းစားစာ တနေ့၃စောင်လောက် ရတဲ့အကြောင်းတွေ ဖြစ်နေမှာစိုးလို့ :P )ကဲ ရေးပြီ..
ကိုယ့်ကိုဒီလိုခေါ်ကြတယ်
ငယ်ငယ်တုန်းကတော့ ကြွက်ဖြူလို့ခေါ်ကြတယ်၊ ကျောင်းမှာ သူများတွေ ယူလာတဲ့ ကြွက်ဖြူလေးကို စပ်စပ်စုစု ကိုင်ကြည့်တာ အကျီင်္ထဲ ၀င်သွားလို့ ၊ စာသင်နေတုန်း ခိုးလုပ်တာပေါ့ ၊ တခန်းလုံးလဲ ဆရာမကိုမကြည့်တော့ဘူး ကြွက်ဘယ်နားကထွက်လာမလဲလို့ ကြည့်နေတုန်း ခါးနားကနေ ထွက်လာလို့တော်သေးတာပါ့ အဲ့ကနေ “ကြွက်ဖြူ” လို့ တွင်သွားတာပဲ .. အချိန်ကာလ ကြာညောင်းလာတဲ့အခါမှာ “၀က်ကလေး” ဖြစ်သွားပါတယ်။ အဲစိတ်ထားကောင်းတဲ့ သူတွေကတော့ နာမည်ပဲ ခေါ်ကြပါတယ်။ ဟဲဟဲ
လိုက်ဖက်သရွေ့ပဲ ကောင်းပါတယ်။ တချို့ ရှိတယ် .. ကိုယ်နဲ့လိုက်မှန်းမသိ မလိုက်မှန်းမသိ စွတ်စွတ်ဝတ်တာ၊ အလကားနေရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကဲ့ရဲ့ ခံရတယ်။ တောင်ကြီး တန်ဆောင်တိုင်ပွဲထဲက ကောင်မလေးတွေဆို အေးကနေးနဲ့ စကတ်တိုလေးတွေက ၀တ်ကြသေးတယ်။ အဲ့လိုပြောရင် မနာလိုဝူး ဖြစ်ဦးမယ်..။ တကယ်လဲ မနာလိုဝူး ။
အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ - အခြေအနေ၊ရာသီဥတု နဲ့ မုန့်ဖိုး အရ ကွဲပြားခြားနားပါတယ်။
အကြိုက်ဆုံးပစ္စည်း - ရေမွှေး
လိုချင်တဲ့လက်ဆောင်
လိုချင်တာတွေ များလွန်းလို့ ဘယ်ကနေ စပြောရပါ့ Opps! အမေကခေါ်တာ ကျန်သေးတယ် “ကြွက်တွင်း” တဲ့။ ဘယ်လောက် ဖြည့်ဖြည့် မပြည့်တဲ့ ကြွက်တွင်းလိုပဲ တဲ့။
အကြိုက်ဆုံးဇာတ်ကား -
မျက်လုံးပြူးနဲ့ ကြည့်ရတဲ့ဒဏ္ဍာရီဆန်တဲ့ ဇာတ်ကား ၊ မျက်စိပိတ်တဲ့အထိရီရတဲ့ ဟာသကား ။ ဒဏ္ဍာ၇ီဆန်တဲ့ဟာသကားဆိုရင် မေအိတို့  ဘယ်လိုကြည့်မလဲတော့ မသိသေးဘူး ။
အကြိုက်ဆုံးဟာသဇာတ်ကောင် - မော့စ်
အကြိုက်ဆုံး စာရေးဆရာ- ဂျူး ၊ တာရာမင်းဝေ
အခိုက်ဆုံးစာအုပ် -ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ... လို့ မပြောဘူး
အချစ်ဆုံးသူရှိရင် - အချစ်တွေ ဆုံးသွားတဲ့သူတွေတော့ ရှိတယ်။
ရင်အခုန်ဆုံးအချိန်-
နောက်ဆုံး ဂိတ်ပိတ် လိုင်းကား ပြည့်သွားတဲ့ အချိန်ပေါ့၊ ပြီးတော့ ..ပြီးတော့ အိမ်ပြန်ဝင်ခါနီး အချိန်ပဲ ။
ဘ၀ဆိုတာ
“ဘ” =ဘရန်ဒီ ၊ “၀” =၀ီစကီ လို့ Gtalk က Icon တွေမှာတွေ့ဖူးတယ် ။ ဟဲ
စိတ်တိုရင်ဘာလုပ် - အနော် အကျယ်ကြီးငိုပါတယ်ဗျ၊ မုန်းလိုက်တာ လို့လဲ ရွတ်ဖတ်တတ်ပါတယ်ဗျ။
အကြိုက်ဆုံးသီချင်း -
1.Truely Madly Deeply
2.Falling For u by Colbie Cailat ( Link)
3.Sleeping Child by Michal Learn To Rock
4.Down
5.The Climb
6.Party in the USA
7. စာမျက်နှာ ၁၅
၈. မင်းအတွက် - မျိုးကျော့မြိုင်
၉. လမ်းနဲ့အလွမ်း
၁၀.............................. :)
ဝါသနာ - တောင်ခြစ် မြောက်ခြစ်
မီးခွက်စောင့်ဘီလူးနဲ့တွေ့ရင် တောင်းမယ့်ဆု -
“အဲ့မီးခွက်လေး ပေးပါ ၊ ညည မီးပျက်လို့ ၊ခင်များလဲ အိမ်မှာလိုက်နေလေ”
လက်ဆွဲဆောင်ပုဒ် - "I'm One in a Million"
အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက - ခုတလော ကိုရီးယားတွေ နှိပ်စက်လို့
ချစ်သူကို ဆိုပြချင်တဲ့သီချင်း - လမ်းခွဲသီချင်းကို ဖြူဖြူကျော်သိန်း လို ဆိုပြရရင်ကောင်းမလားလို့
ပြောပြချင်တဲ့ဟာသတိုလေး
အဲ့ဒီနေ့က ဘတ်စ် ကားက ချောင်တယ်။ အကျီလက်ပြတ်ဝတ်ထားတဲ့ မိန်းမကြီးတစ်ယောက် ရှေ့ဘက်တံခါးပေါက်ကနေ ကားပေါ်တက်လာတယ်။ သူက အပေါ်တန်းကို ယိုင်မလဲအောင် ကိုင်ထားတယ်။ဒါပေမယ့် ချိုင်းမွေးတွေက တလွင့်လွင့်နဲ့ပေါ့။ ဒရိုင်ဘာကော စပါယ်ရော ခရီးသည်တွေပါ ပြုံးစိစိ နဲ့ပေါ့။ ကျွန်မလည်း အဲ့ဒါကြီးကိုပဲ ကြည့်မိနေတယ်။ အဲ့ဒီချိန်မှာ ဆင်းရမယ့်မှတ်တိုင် ကို စပါယ်ယာက အော်မေးလိုက်တယ်။
“ပါရမီ ပါလား ပါရမီ ”
“ပါတယ်! ချိုင်းမွေးပါတယ် ”
(သူငယ်ချင်း ထက်ထက် ပြောပြတဲ့ သူ့အစ်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်ပါ)

